
ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းဟာ အမေရှိတယ်။
မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အမေမသိတောင်မှ
အမေရှိတယ်။
ချစ်သဒ္ဒါဝေကဲ
ပြည့်တန်ဆာအမေလည်း အမေ။
အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ။
အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ။
သမီးသားတွေ ကြီးထွားစေရော့လို့
စိန်ရွှေပတ္တမြား အိမ်မြေကားနဲ့
ငွေသားအမွေ
ပေးနိုင်မှ အမေမဟုတ်
ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်းအိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည် အတူသောက်
ဗိုက်မှောက်တော့ အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်းကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကိုမျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ
မေတ္တာအကြင်နာမှ တစ်ပါး
အခြားပေးစရာ
အထွေထွေမဲ့သော်လည်း
အမေဟာ အမေပဲလေ။ .......။
မောင်စေတနာ
မောင်စေတနာ ဘလော့မှ တဆင့်ကူးယူပြန်လည်ဖေါ်ပြသည်။
Labels:
poem
Previous Article

Responses
0 Respones to "အနန္တဂိုဏ်းဝင် ကျေးဇူးရှင် အမေ"
Post a Comment