ပညာသင်ကြားနေကြသော ပညာတော်သင်ကရင်ရဟန်းတော်များ၏ နွေရာသီကျောင်းပိတ်
ရက် ကာလအတွင်း ဘုရာဖူးနှင့် လေ့လာရေးခရီးစဉ်ကို (၁၂-၀၄-၂၀၀၈) နေ့တွင် စတင်ခဲ့သည်။
ခရီးစဉ်ကို အရှင်ဣန္ဒာစာရ (ဥက္ကဋ္ဌ-ဇွဲကပင်ပညာဒါနအသင်း) ဦးဆောင်၍ နံနက် (၆)နာရီတွင် ခရီးစဉ်ကို စတင်ခဲ့ကြသည်။ ရှေးဦးစွာ ကိုလံဘိုမှ ကီလိုမီတာတစ်ရာကျော် ခန့်ဝေးသော ဒမ္ဘူလတောင်ကို သွားရောက်လေ့လာခဲ့ကြသည်။ ၎င်းသည် ဒမ္ဘူလမြို့အနီးတွင် တည်ရှိသော ရှေးဟောင်းလှိုဏ်ဂူဘုရားဖြစ်ပြီး၊ လျှောင်းတော်မူ၊ ထိုင်တော်မူနှင့် ရပ်တော်မူရှေးဟောင်ဘုရားများကိုလေ့လာဖူးတွေ့နိုင်သည်။ ထို့ပြင် သီဟိုဠ်နှင့် မြန်မာသာသနာသမိုင်းတွင် ထင်ရှားခဲ့သော ဒုဋ္ဌဂါမနိမင်းကြီး ( ၁၆၁-ဘီစီ-၁၃၇-ဘီစီ) ဒမ္မိဠကြေးကလားတို့ကို ပြန်လည်တိုက်ခိုက်ရန် အင်းအားစုရုံးသည့်အနေဖြင့် ပုန်းခိုရာလှိုဏ်ဂူအဖြစ်လည်းထင်ရှားခဲ့သည်။
ထိုနောက် နံနက် (၁၁)နာရီခန့်တွင် ဆိဂိရိယတောင်သို့ ရောက်ရှိလေ့လာခဲ့ကြသည်။ ၎င်းသည် ခြင်သေ့တစ်ကောင်ဝပ်နေသည့် အသွင်ရှိသောကြောင့် ဆိဂိရိယ (ခြင်သေ့တောင်) ဟု ခေါ်တွင်ခြင်းဖြစ်သည်။ ထိုကြောင့် တောင်ဘက်တွင် ခြင်သေ့၏ လက်နှစ်ဖက်ပုံစံ အုတ်ခုံနှစ်ခုကို တွေ့ရှိနိုင်သည်။ တောင်ထိပ်ပေါ်တွင် ကဿပဘုရင်၏ နန်းတော်ရာဟောင်း အုတ်ခုံများနှင့် ရေကန်တို့ကို တွေ့ရှိနိုင်သည်။ ထို့ပြင် ပင်မကျောက်တောင်ကြီး၏ အနောက်ဖက်တောင်စောင်းနံရံပေါ်တွင် နတ်သမီးများရုပ်၊ ဆေးရေးပန်ချီတို့ကို လေ့လာတွေ့ရှိ
နိုင်သည်။ တောင်ခြေပတ်လည်တွင် ရေရှိနေသေးသောကျုံးပတ်လည်ဝန်းရံထားသည်။
တတိယခရီးစဉ်အနေဖြင့် ပေါလောနာရုဝရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သို့ သို့နောက်မှာ ညနေသုံးနာရီခွဲခန့်တွင် ရောက်ရှိလေ့လာခဲ့ကြသည်။ ရှေးဦးစွာ polonnaruva ပြတိုက်ကို လေ့လာကြသည်၊ ပြတိုက်ထဲတွင် ရှေ့ဟောင်းကျောက်ဆင်းတုများ ကြေးထည်များ၊ ဓာတ်ပုံစသည်တို့ကို ပြသထားသည်ကို လေ့လာတွေ့ရှိနိုင်သည်၊ ထို့ပြင် ပရက္ကမဗာဟု မင်းကြီးရဲ့ နန်းတော်ဟောင်းများ၊ ကျောင်းတော်ရာများ ပရက္ကမ သမုဒ္ဒရာဟု ခေါ်သော ရေကန်ကြီးကိုလည်း တွေ့နိုင်သည်၊ polonnaruva ခေတ်သည် ပုဂံနှင့်ခေတ်ပြိုင်ဟု ပြောစမှတ်ပြုကြသည်၊ အဘယ်ကြောင့်ဆိုသော် ရှေ့ဟောင်းပစ္စည်းများရဲ့ အောက်ခြေတွင် ၁၁-၁၂ ရာစု အေဒီ ဟု စာတမ်းထိုးထားသည်ကို တွေ့ရှိရသည်၊ ညနေ ၆နာရီခန့်တွင် polonnaruva ဒေသမှ ပြန်လည်ထွက်ခွာကြပြီး Anuradhapura မြို့သို့ ခရီးဆက်ခဲ့ကြသည်၊ ၄င်းမြို့တွင် ခရီးတစ်ထောက်အဖြစ် မြန်မာကျောင်းတွင် ညအိပ်ရပ်နားခဲ့ကြသည်၊
၁၃-၄-၂၀၀၈၊ နံနက်(၇)နာရီတွင် ဒုတိယနေ့ လေ့လာရေးခရီးစဉ်ကို စတင်ခဲ့ပြီး ရှေ့ဦးစွာ မဟာဗောဓိပင်ကို သွားရောက်ဖူးမျှော်ကြသည်၊ ကံကောင်းထောက်မသဖြင့် မိမိတို့လေ့လာရေးအဖွဲ့သည် သက်ဆိုင်ရာဘုန်းတော်ကြီးကို ခွင့်တောင်းပြီး ဗောဓိပင်၏ အပေါ်ဆုံး ပစ္စယံသို့ တက်ရောက်ဖူးမျှော်ခွင့် ရရှိခဲ့သည်၊ သင်္ဃန်းနှင့် ၀တ္ထုငွေများ လှူဒါန်းပူဇော်ခဲ့ကြသည်၊ ဗောဓိပင်ကို အနီးကပ်ဖူးမျှော်ခွင့်ရရှိရန်မှာ အလွန်ရခဲသော အခွင့်ရေးတစ်ခုဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ဗောဓိပင်ကို မသမာသူများ ဖျက်ဆီးမည့် အန္တရာယ်မှ တားဆီးရန်အလို့ငှါ ရဲ စစ်တပ် အစောင့်အရှောက်များချထားပြီး ၀င်ရောက်ဖူးမျှော်သူများကို စက်ပစ္စည်းဖြင့် တစ်ဦးချင်း စစ်ဆေးခံပြီးမှ ၀င်ခွင့်ပြုသည်၊ ဗောဓိပင်ကို သီရိလင်္ကာနိုင်ငံသားတို့သည် အသက်သဖွယ် လေးစားမြတ်နိုး တန်ဖိုးထားကြသည်၊ ဗောဓိပင်ကို ဖူးမျှော်ဆုတောင်းခွင့်ရကြသူများသည် ဆုတောင်းပြည့်၍ အလိုဆန္ဒများပြည့်ကြသည်ဟု ပြောစမှတ်ပြုကြသည်၊
ထို့နောက် မဟာစေတီ လောဟပါသာဒ ကြေးပြသာဒ်ဟောင်း၊ အဘယာဂီရိစေတီ၊ ဇေတ၀န်စေတီ၊ သမာဓိရုပ်ပွားဆင်းတုတော်၊ ထူပါရာမစေတီ၊ မရိဿဝတ္တိယစေတီ၊ အမွာညီနောင် ရေကန်ကြီးနှစ်ကန်၊ ဣသုရုမုနိရာဇမဟာဝိဟာရနေရာ၊ လင်္ကာတိလကစေတီ၊ Gardstone, moonstone စသည်တို့ကို လေ့လာခဲ့ကြသည်၊ ထို့နောက် နေ့လည်ဆွမ်းကို ဘုဉ်းပေးခဲ့ကြသည်၊
မွန်းလွဲ(၁၂)နာရီ လောက်တွင်မဟိန္ဒလေသို့ သွားရောက်လေ့လာကြသည်၊ မဟိန္ဒလေသည် သီဟိုဠ်သာသနာကို စတင်မျိုးစေ့ချပေးခဲ့သော ရှင်မဟိန္ဒ စတင်ရောက်ရှိခဲ့ရာ နေရာအဖြစ် ထင်ရှားသည်၊ မဟိန္ဒလေတွင် မဟိန္ဒလေစေတီ၊ ရှင်မဟိန္ဒနှင့် ဒေ၀ါနံပိယတိဿ မင်းကြီးတို့ ဆုံတွေ့ကြသည့် စေတီ၊ သုမနရှင်သာမဏေ ကြွေးကြော်ရာတောင်၊ ရှင်မဟိန္ဒ သီတင်းသုံးသည့်နေရာ နှင့် ရှေးဟောင်းကျောင်းတော်ရာများကို ဖူးမျှော်လေ့လာခဲ့ကြသည်၊
ညနေ(၃)နာရီ ၄၅-မိနစ်လောက်တွင် သြက္ကန ရပ်တော်မူ ဗုဒ္ဓဆင်းတုတော်သို့ သွားရောက်လေ့လာဖူးမျှော်ကြသည်၊ ၄င်းသည် အနုရာဓပူရမြို့မှ ကီလိုမီတာ(၄၀)ခန့်ဝေးပြီး Architecture ဘာသာရပ်အတွက်မဖြစ်မနေ လေ့လာရသော ရှေးဟောင်းဆင်းတုတော်တစ်ဆူဖြစ်သည်၊ ဆင်းတုတော်သည် ခြေဖ၀ါးတော်မှ ဦးခေါင်းတော်အထိ (၁၀)မီတာဉာဏ်တော်အမြင့်ရှိသည်၊
ညနေ(၄)နာရီ-၁၉ မိနစ်ခန့်တွင် သြက္ကနမှ ပြန်လည်ထွက်ခွာကြပြီး နာလန္ဒာကေဒီကေ (Nalandayedike)သို့ ခရီးဆက်ကြသည်၊ ညနေ(၅)နာရီခွဲခန့်တွင် ရောက်ရှိသည်၊ ၄င်းသည် ကျောက်တုံးကို ထုဆစ်ထားပြီး အထဲတွင် ရပ်တော်မူဆင်းတုတော်တစ်ဆူရှိသည်၊ အေဒီ(၈)ရာစုနှင့်(၁၀)ရာစုအတွင်း တည်ဆောက်ထားသော ဘုရားကျောင်းဆောင်ငယ် တစ်ခုဖြစ်သည်၊ ထူးခြားသည်မှာ နာလန္ဒကေဒီကေသည် သီဟိုဠ်နိုင်ငံ၏ အလယ်ဗဟိုအဖြစ် ရှေးဘုရင်များက အထိမ်းအမှတ်ပြု တည်ဆောက်ထားခဲ့သည်၊ ထိုနေရာသည် သီဟိုဠ်နိုင်ငံ၏ အလယ်ဗဟိုဖြစ်ကြောင်းကို စစ်ပစ္စည်းကိရိယာမပါပဲ သိရှိနိုင်သည့် သိဟိုဠ်ဘုရင်များ၏ စွမ်းရည်ကို လေးစားဖွယ်ရာ တွေ့ရှိနိုင်သည်၊ ယခုခေတ် ဘူမိဗေဒ ပညာရှင်များက ခေတ်မီ စက်ကိရိယာများဖြင့် စမ်းသပ်တိုင်းတာကြည့်သည့်အခါ ထိုနေရာသည် သီဟိုဠ်နိုင်ငံ၏ အလယ်ဗဟိုဖြစ်ကြောင်း အသိအမှတ်ပြု လက်ခံကြရသည်၊
ညနေ(၆)နာရီတွင် Aluvihara သို့ ခရီးဆက်၍ လေ့လာကြသည်၊ ထိုနေရာသည် စတုတ္ထသင်္ဂါယနာ တင်ရာနေရာအဖြစ် ထင်ရှားသည်၊ လှိုဏ်ဂူထဲတွင် စတုတ္ထသင်္ဂါယနာတင်သည့် အထိမ်းအမှတ်အနေဖြင့် ဆင်းတုများနှင့် ပန်းချီကားများကို ထွင်းထုရေးဆွဲထားသည်၊ ထိုမှအပြန်တွင် ဂန္ဒီသို့ ခရီးဆက်ပြီး ဂန္ဒီမြို့ မြန်မာကျောင်းတွင် ခရီးတစ်ထောက်အဖြစ် ညအိပ်ရပ်နားခဲ့ကြသည်၊
၁၄-၄-၂၀၀၈၊ နံနက်(၇)နာရီ-၁၅-မိနစ်တွင် တတိယနေ့ လေ့လာရေးခရီးစဉ်ကို စတင်ကြသည်၊ ရှေ့ဦးစွာ ဂန္ဒီ တောင်ပေါ်ဘုရားကို သွားရောက်ဖူးမျှော်ကြသည်၊ ၄င်းသည် ညာဘက်လက်ဝါးကို ရှေ့ဘက်သို့ ထောင်၍ လှည့်ထားသည့် အဘယမုဒ္ဒရာ ထိုင်တော်မူဆင်းတုတော်ကြီးဖြစ်သည်၊ ဆင်းတုနော်ကြောဝမ်းဗိုက်ထဲတွင် အင်္ဂတေဖြင့် ပြုလုပ်ထားသည့် ဗုဒ္ဓ၀င် ပြခန်းပါရှိသည်၊ သီဟိုဠ်နိုင်ငံတွင် ရုပ်ပွားဆင်းတုတော်အများစုကို ရွှေမချပဲ ထုံးဖြူသင်္ဃန်းဖြင့်သာ ထားရှိကိုးကွယ်ကြသည်၊ ထို့နောက် စွယ်တော်တိုက်ကို သွားရောက်ဖူးမျှော်ကြသည်၊ စွယ်တော်တိုက်ကို ဖွင့်လှစ်အပူဇော်ခံခြင်းမပြုမီ စွယ်တော်ပြတိုက်ကို ကြည့်ရှုလေ့ လာခဲ့ကြသည်၊ နံနက်(၉-၃၀)တွင် စွယ်တော်တိုက် ဖွင့်လှစ်အပူဇော်ခံပြီး တန်းစီ၍ အဝေးမှလှမ်းပြီး ဖူးမျှော်ကြည်ညို ကြရသည်၊ စွယ်တော်တိုက် ၏သက်တမ်းမှာ နှစ်ပေါင်းခြောက်ရာခန့်ရှိပြီဟု သိရသည်။
ဤနေရာတွင် မှတ်သားဖွယ်ရာ တစ်ခုမှာ ဂန္ဒီဗုဒ္ဓမြတ်စွယ်တော်နှင့် အနုရာဓပူရမြို့ရှိ မဟာဗောဓိပင်တို့မှာ သီဟိုဠ်နိုင်ငံသားများ အသက်သဖွယ် မြတ်နိုးတန်ဖိုးထားသည့် အရာနှစ်ခုအဖြစ် ခံယူထားသည့်အားလျော်စွာ အသက်ပေး၍လည်း ကာကွယ်စောင့်ရှောက်ထားကြသည်၊ ၄င်းတို့ကို ယခုထက်တိုင် ဆန့်ကျင်တိုက်ခိုက်နေသည့် သူပုန်များက ၄င်းဗောဓိပင်နှင့်စွယ်တော်ကြောင့် ဆင်ဟာလီစ်တို့ကို နိုင်အောင်မတိုက်နိုင်ခြင်း ဖြစ်သည့်ဟု ယုံကြသည်ကြသည်၊ ထို့ကြောင့်လည်း ၄င်းစွယ်တော်နှင့်ဗော
ဓိပင်ကို ဖျက်ဆီးရန် အမြဲတစေ ကြံစည်လုပ်ဆောင်ကြသည်၊ ထို့ကြောင့် စွယ်တော်နှင့်မဟာဗောဓိပင်ကို ၀င်ရောက်ဖူးမျှော်သူများအား လက်နက်ခဲယမ်းပါမပါ အမြဲတမ်းစစ်ဆေးရခြင်းဖြစ်သည်။
နံနက်(၁၀)နာရီတွင် View Point နေရာသို့သွား၍ ဂန္ဒီမြို့ ရှုခင်းကို ကြည့်ရှုကြသည်၊ ထိုမှတစ်ဖန် ရုက္ခဗေဒ ဥယျာဉ်ကို သွားရောက်လေ့လာကြသည်၊ထို့နောက် နေ့ဆွမ်းစားပြီး ကိုလံဘိုအပြန်ခရီးကို စတင်ကြသည်၊ အပြန်လမ်းတွင် လင်္ကာတိလက ရှေ့ဟောင်းဘုရားကျောင်းကို ၀င်ရောက်ကြည့်ရှုလေ့လာကြသည်၊ ညနေ(၃-၃၀)တွင် နောက်ဆုံးလေ့လာရေးခရီးစဉ်အနေဖြင့် Nittanbuwa မြို့ အတ္တနဂရရာဇမဟာဝိဟာရ ကျောင်းကို ၀င်ရောက်လေ့လာခဲ့ကြသည်၊ ထိုကျောင်းတွင် သံဃဗောဓိဘုရင်၏ ဆင်းတုရှိသည်၊ ညနေ (၅-၃၀)ခန့်တွင် ကိုလံဘိုမြို့သို့ ပြန်လည်ရောက်ရှိကြသည်။
၁၂-၄-၂၀၀၈၊ နံနက်(၆)နာရီတွင် စတင်ခဲ့သော လေ့လာရေးခရီးစဉ်သည် ၁၄-၄-၂၀၀၈၊ ညနေ(၅-၃၀)ခန့်တွင် ပညာတော်သင်ကရင်ရဟန်းတော်များ၏ လေ့လာရေးခရီးစဉ်မှာ အောင်မြင်ပြီးဆုံးခြင်းသို့ရောက်ရှိ၍ တန်ဖိုးမဖြတ်နိုင်သေသာ ကုသိုလ်နှင့် ဒေသန္တရ ဗဟုသုတတို့ကို ရရှိခဲ့ကြသည်။
(အရှင်ဣန္ဒာစာရ-ဇွဲကပင် ပညာဒါနအသင်း ဥက္ကဋ္ဌ)

Responses
0 Respones to "သီရိလင်္ကာရောက် ကရင်ပြည်နယ်မှ ပညာသင်ကရင်ရဟန်းတော်များ ဘုရားဖူးနှင့် လေ့လာရေးခရီးစဉ်"
Post a Comment