ပန်းညွန့်ညှာကြွေ မဖြစ်စေဖို့



03-03-2008
ရွှေဒေါင်းတောင်


ဆင်ခြေဖုံးရပ်ကွက်တွေမှာ ကျောင်းမနေနိုင်ကြတဲ့ ကလေးလေးတွေကို လိုက်လံရှာဖွေပြီး စာသင် ပေးတဲ့ ပရဟိတလုပ်ငန်း လုပ်နေသူ တပည့်မလေး တဦးနဲ့ တနေ့က စကားပြောဖြစ်ပါတယ်။
သူက သင်ပေးမယ်။ သူက ကိုယ့်စရိတ်နဲ့ကိုယ်လာပြီး သင်ပေးရုံမက စာအုပ်ခဲတံကအစ လိုအပ်သမျှကိုပါ ပေးနေတာတောင် ကလေးတွေက မှန်မှန် ကျောင်းလာမတက်ကြတဲ့အကြောင်း တခါတလေ ကားဂိတ်တို့ ဈေးတို့အထိတောင် ကလေးတွေကို လိုက်ခေါ်ရတဲ့အကြောင်းများကို ပြောပြပါတယ်။
ကလေးတွေ ကျောင်းမှန်မှန် တက်စေဖို့ တချို့မိဘများကို ပြောဆို စည်းရုံးလို့ ရပေမယ့်၊ တချို့ မိဘများကျတော့ ဘယ်လိုမှ ပြောလို့ ဆိုလို့ မရတဲ့အကြောင်းလည်း တပည့်မလေးက ပြောပြ ပါတယ်။
သူ့စကားတွေကို နားထောင်ရင်း လွန်ခဲ့တဲ့ လေးငါးနှစ်က ကြုံခဲ့ရတဲ့ အလားတူ ပြဿနာ တခုကို သွားပြီး သတိရလိုက်မိပါတယ်။ အဲဒီပြဿနာကလည်း တပည့် ပန်းချီဆရာမလေးတဦး ကြုံတွေ့ ခဲ့ရတဲ့ ပြဿနာ ဖြစ်ပါတယ်။ ပန်းချီဆရာမလေးက ၀ါသနာအရ ကလေးလေးတွေကို ပန်းချီ သင်ပေးတဲ့ အလုပ်လည်း လုပ်ပါတယ်။ သူသင်ပေးနေတဲ့ ကလေးတွေထဲမှာ (၉) နှစ် (၁၀) နှစ် အရွယ် ဆွံ့အ နားမကြား ဖြစ်နေရှာတဲ့ ကလေးတယောက် ပါပါတယ်။ ကလေးက ထူးထူး ခြားခြားကို ပါရမီရှိတဲ့ ကလေးဖြစ်ပါတယ်။ (၉) နှစ် (၁၀) နှစ်သား ဆိုပေမယ့် သူ့ ခံစားမှု၊ သူ့ အမြင်၊ သူ့ အတွေးနဲ့ သူ့ လက်ရာလေးတွေက တကယ့် အနုပညာရှင်ကြီး တယောက်ပမာ နက်နဲလှတယ်လို့ ဆိုပါတယ်။

ပန်းချီဆရာမလေးက အဲ့ဒီကလေးကို (၃) နှစ်လောက် စနစ်တကျ ပြုစုပြိုးထောင်ပေးခဲ့လေတော့ သူ့လက်ရာလေးတွေဟာ “ပွဲဝင်”တဲ့ အဆင့်အထိ ရောက်ရှိလာပါတယ်။ အဲဒီတော့ ဆရာတို့ရဲ့ ထုံးစံအတိုင်း ဆရာမလေးက သူ့တပည့်ကို ကလေးပန်းချီပြပွဲလေးတွေ၊ ကလေးပန်းချီ ၀ပ်ရှော့ လေးတွေမှာ ပွဲထုတ်ပေးပါတယ်။

အဲဒီမှာ ပြဿနာက စတော့တာပါပဲ။ ကလေးငယ်ရဲ့ လက်ရာကလေးတွေကို လူတွေ ဂရုစိုက်မိ ကြတယ်။ မူလက ပြရုံသက်သက် ရောင်းဖို့ အစီအစဉ်မရှိပေမယ့် ၀ယ်ချင်သူတွေက အတင်း အကြပ်ပြောလာတာကြောင့် ပြသမျှကားတိုင်းလိုလို ရောင်းချခဲ့ရတယ်။ ကလေးငယ်နဲ့တကွ မိဘတွေ ၀မ်းသာအယ်လဲ ဖြစ်ကြရသလို ဆရာမလေးလည်း ၀မ်းသာ ဂုဏ်ယူခဲ့မိတယ်။

နောက်တော့ သိပ်မကြာပါဘူး။ ပြခန်းဖွင့်ပြီး ပန်းချီကားတွေရောင်းစားတဲ့ “ပန်းချီသည်” တယောက်က ကလေးငယ်ရဲ့ အိမ်ကို လိုက်လာပြီး ဆွဲသမျှ ကားတိုင်း ပြခန်းဝင်ပြီး ဈေးကောင်းရအောင် ရောင်းပေးမယ်လို့ ကမ်းလှမ်းလာတယ်။ ဆွံ့အ နားမကြား ဖြစ်နေတဲ့ ကလေးငယ်ရဲ့ ကိုယ်ရေးရာဇ၀င်နဲ့ လက်ကမ်းကြော်ငြာ ရိုက်ပြီး ဖြန့်ဝေလိုက်ရင်၊ စင်ကာပူ ဈေးကွက်လောက်ထိ သတင်းပျံ့သွားပြီး ဒေါ်လာနဲ့တောင် ရောင်းရလိမ့်မယ်လို့လည်း သွားရည်ကျလောက်အောင် ဆွယ်တရားဟောတယ်။

ကလေးရဲ့မိဘတွေက ပန်းချီဆရာမလေးကို ပြောပြတိုင်ပင်ပါတယ်။ ဆရာမလေးက ဒီကလေးဟာ ပန်းချီအနုပညာရှင်တယောက် ဖြစ်လာနိုင်စွမ်းရှိသူ ပါရမီရှင်လေးတယောက်ဖြစ်ကြောင်း နောက်ထပ် (၂) နှစ်လောက်သာ ထပ်ပြီး သင်ယူလေ့ကျင့်လိုက်ရင် ပထမတန်းစား ပန်းချီပညာရှင် ဖြစ်လာနိုင်ကြောင်း ဈေးကွက်ဝင် ရုပ်ပုံကားချပ်တွေ ဆွဲပြီး ရောင်းစားတဲ့ “ပန်းချီသည်” တယောက် အလုပ်ခိုင်းလိုက်မယ်ဆိုရင် ကလေးရဲ့ အညွန့်ကလေး ကျိုးသွားစေလိမ့်မယ် ဖြစ်ကြောင်းများကို ရှင်းပြလိုက်ပါတယ်။

ဒါပေမယ့် နောက်ဆုံးကျတော့ ပန်းချီဆရာမလေး ရင်ကျိုးရရှာပါတယ်။ မိဘတွေက စီးပွားဖြစ် နိုင်တဲ့ လမ်းကြောင်းကို လိုက်ခိုင်းဖို့ ရွေးချယ်လိုက်ကြပါတယ်။ ဒီကလေး မွေးကတည်းက နားလည်း မကြား၊ စကားလည်း မပြောတတ်တာကြောင့် ဆေးရုံမျိုးစုံ တက်ပြီး ဆရာဝန်ပေါင်းစုံနဲ့ ကုသခဲ့ရတာကြောင့် မိဘများမှာ ပင်ပန်းလှပြီဖြစ်တဲ့အကြောင်း၊ အစစ အရာရာ ကြပ်တည်းနေတဲ့ အချိန်မှာ အခုလို ငွေဝင်လမ်းတွေ့ပါလျက်နဲ့ မလိုက်ပါက မိုက်မဲရာကျလိမ့်မယ် ထင်မြင်ကြောင်းများလည်း ရှည်ရှည်ဝေးဝေး ရှင်းပြကြပါတယ်။

ဒီအကြောင်းတွေ ပြောပြတော့ ပန်းချီဆရာမလေး မျက်ရည်တွေ လည်နေရှာပါတယ်။ ကလေး ငယ်လေးဟာ ဖန်းဆင်းနိုင်စွမ်းရှိတဲ့ ပါရမီရှင်လေးပါ။ ဒါပေမယ့် အခုတော့ သူဟာ ပြခန်းပိုင်ရှင် “ပန်းချီသည်” အဆွဲခိုင်းတဲ့ ဈေးကွက်ဝင် အပ်ထည်တွေ ဆွဲရတဲ့ ပုံဆွဲသမားလေး အဖြစ်နဲ့ပဲဘ၀တသက်တာ နေရရှာပါတော့မယ်။ တလူလူ တက်နေတဲ့ အညွန့်ကလေးဟာ ထွက်ပြူစမှာပဲ အချိုးခံလိုက်ရရှာပါတယ်။

ပုံတူ ဆွဲတယ်ဆိုတာက ဘယ်သူ ထလုပ်လုပ် ဖြစ်တဲ့အလုပ်မျိုးပါ။ မူလတန်း ကလေးတွေတောင် လုပ်နိုင်သေးတာပဲ။ ပန်းချီဆွဲတယ်ဆိုတာကတော့ လူတိုင်း လုပ်နိုင်တာ မဟုတ်ပါဘူး။ ဖန်ဆင်း နိုင်စွမ်းရှိသူ အနုပညာမှာ “စ” ရှိသူတွေသာ လုပ်နိုင်တာမျိုးဖြစ်တယ်။

အညွန့်တလူလူနဲ့ ကလေးငယ်လေးတွေရဲ့ ဖန်ဆင်းနိုင်မှု အစွမ်းအစကို ပန်းကောင်းညွန့်ကျိုး မဖြစ်ရလေအောင်၊ ဖန်ဆင်းမှုကို ဖန်တီးမှုနဲ့ အစားထိုး မခံရလေအောင် ကာကွယ်စောင့်ရှောက်ဖို့ လူကြီးတွေမှာ တာဝန်ရှိပါတယ်။

ပရဟိတကျောင်းဆရာမလေးနဲ့ ပန်းချီဆရာမလေးတို့ဟာ ကလေးတွေရဲ့ အနာဂတ် လှပစေဖို့ ဆောင်ရွက်နေကြတဲ့ စေတနာရှင်၊ မေတ္တာရှင်လေးတွေ ဖြစ်ကြပါတယ်။ လူ့တာဝန်ကို တတ်စွမ်း သမျှ တနိုင်တမ ၀င်ပြီး ထမ်းနေကြရှာတာ ဖြစ်ပါတယ်။ ဒါပေမယ်လို့ သူတို့ နှစ်ဦးစလုံး ရင်ကွဲ ပက်လက်ဖြစ်ပြီး ကျန်ရစ်ကြရပါတယ်။ ကလေးမိဘများကလည်း သူတို့ သားသမီးလေးတွေကို အတတ်ပညာရှင်တွေ၊ အနုပညာရှင်တွေ ဖြစ်စေချင်ကြပေမယ်ဆိုတာ ယုံမှားသံသယ ဖြစ်ဖွယ်ရာ မရှိပါဘူး။

ဘယ်အရာမဆို တဦးကောင်း တယောက်ကောင်း ဆောင်ရွက်လို့ အောင်မြင်မှု မရနိုင်ဘူးလေ။ အကြောင်းတရားကြောင့် အကျိုးတရား ဖြစ်ကြရတာ မဟုတ်လား။ စေတနာ မေတ္တာတခုတည်းနဲ့ အရာရာဟာ မပြီးနိုင်ပါဘူး။ မကောင်းတဲ့ အကြောင်းတရားကို ဖယ်ရှားမှ မကောင်းတဲ့ အကျိုး တရားတွေ ပျက်သွားနိုင်ပါတယ်။ ဘာပဲလုပ်လုပ် ဒီသဘောကို နားလည်ထားဖို့ လိုပါတယ်။ အရေးကြီးဆုံးကတော့ ပန်းကလေးတွေ ပန်းကောင်းညွန့်ကျိုး မဖြစ်စေဖို့သာ ဖြစ်ပါတယ်။ ။

( The NEJ)


Responses

0 Respones to "ပန်းညွန့်ညှာကြွေ မဖြစ်စေဖို့"

Post a Comment

 
Return to top of page Copyright © 2010 | Karen Tasmania Converted into Blogger Template by HackTutors